
Love Software အား Install လုပ်ခြင်း
နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုဌာနကို ဖုန်းဝင်လာတယ် ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဟုတ်ကဲ့ ၊ ဆောဖ့်ဝဲဆားဗစ်ပိုင်းကပါခင်ဗျာ ၊ ဘာများအကူအညီပေးရမလဲ ?
သုံးစွဲသူ (Customer):
ဟုတ်ကဲ့ .... ၊ အကြိမ်ကြိမ်အခါခါစဉ်းစားပြီး ကျမဆုံးဖြတ်ချက်ချလိုက်ပါပြီ ။
Love Software ကို install လုပ်ဖို့အတွက် ရှင်ကျမကို နည်းပညာပိုင်းဆိုင်ရာအကူအညီပေးနိုင်မလားသိပါရစေ?
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဟုတ်ကဲ့ ... ၊ ကျနော်အကောင်းဆုံးအကူအညီပေးနိုင်ပါတယ် ။ အစ်မအနေနဲ့ အားလုံးအဆင်သင့်ဖြစ်ပြီလားခင်ဗျာ?
သုံးစွဲသူ :
အင်း ...သိပ်တော့ သေသေချာချာနားမလည်ဘူး ။ ဒါပေမဲ့ တပ်ဆင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ထင်တယ် ။
ပထမဆုံး ဘာလုပ်ရမလဲမသိဘူးရှင့် ?
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ:
ပထမဆုံးအချက်ကတော့ နှလုံးသားကို ဖွင့်ထားဖို့ပါပဲ ။ နှလုံးသားရဲ့တည်နေရာကိုရော သိရဲ့လားခင်ဗျာ ?
သုံးစွဲသူ :
ဟုတ် ... ကျမတွေ့တော့တွေ့တယ် ။ ဒါပေမဲ့ အခုလောလောဆယ် တခြားပရိုဂရမ်တွေလည်း run နေသေးတယ်လေ။
install လုပ်ဖို့အတွက် အဆင်ပြေပါ့မလားမသိဘူးနော် ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဘယ်လိုပရိုဂရမ်တွေလဲဆိုတာသိပါရစေ အစ်မ
သုံးစွဲသူ :
နေဦး ... ကြည့်လိုက်ဦးမယ် ။
အင်း .... အတိတ်ရဲ့အရိပ်ဆိုးပရိုဂရမ်ရယ် ၊ အထင်သေးခြင်းပရိုဂရမ်ရယ် ၊ အာဃာတပရိုဂရမ်ရယ် ၊ ပြီးတော့ .....
မကျေချမ်းမှုပရိုဂရမ်ရယ် run နေသေးတယ်လေ ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ပြသနာမရှိနိုင်ပါဘူး ။ အတိတ်ရဲ့အရိပ်ဆိုးပရိုဂရမ်ကိုတော့ အချစ်က သူ့ဘာသာသူ uninstall လုပ်ပေးသွား
ပါလိမ့်မယ်။ Memory ထဲမှာ Cache အနေနဲ့ကျန်ခဲ့ကောင်းကျန်ခဲ့မှာဖြစ်ပေမယ့် ကျန်တဲ့ပရိုဂရမ်တွေကိုထိခိုက်
လောက်အောင်တော့ ဒုက္ခပေးနိုင်မှာမဟုတ်တော့ပါဘူး ။ အထင်သေးခြင်းပရိုဂရမ်ကိုလည်း သူ့အလိုလို အထူး
လေးစားအချစ်ကြီးခြင်းပရိုဂရမ်နဲ့ အစားထိုးပေးသွားပါလိမ့်မယ် ။ဘာပဲဖြစ်ဖြစ် .. အစ်မအနေနဲ့
အာဃာတပရိုဂရမ်ရယ် မကျေချမ်းမှုပရိုဂရမ်ရယ်ကိုတော့ ခနပိတ်ထားပေးရပါမယ် ။ ဒါမှသာ LoveSoftware
ကို install လုပ်တဲ့အခါ အမှားအယွင်းမရှိပဲပြီးဆုံးနိုင်မှာပါ
အခု ပိတ်လို့ရပြီလားမသိဘူးခင်ဗျ .... ?
သုံးစွဲသူ :
“ ဘယ်လိုပိတ်ရမလဲမသိဘူး .. ၊ ရှင်ကျွန်မကိုနည်းနည်းလောက်ပြောပြနိုင်မလား ? ”
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ရပါတယ်ခင်ဗျာ ၊ StartMenu ထဲက ခွင့်လွှတ်ခြင်းဆိုတဲ့ပရိုဂရမ်ကိုသွားပြီး ကလစ်ပေးလိုက်ပါ ။
အစ်မအနေနဲ့ ခုနကပြောတဲ့ အာဃာတပရိုဂရမ်ရယ် မကျေချမ်းမှုပရိုဂရမ်ရယ်ရပ်သွားတဲ့အထိ
ထပ်ခါထပ်ခါနှိပ်ပေးနေဖို့လိုပါတယ် ။
သုံးစွဲသူ :
အိုကေ .. ပြီးသွားပြီ ၊ Love ဆောဖ့်ဝဲကသူ့ဘသာသာ အော်တိုအင်စတောလုပ်နေပြီ ။ အဲဒါပုံမှန်ပဲလားဟင် ?

နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဟုတ် ... “ သင်၏နှလုံးသားသက်တန်းတိုးမြှင့်ရန်အတွက် ဤဆောဖ့်ဝဲအားပြန်လည်သွင်းနေပါသည်” ဆိုတဲ့
မက်ဆေ့ခ်ျကိုအစ်မတွေ့ရလားမသိဘူး ?
သုံးစွဲသူ :
ဟုတ်ကဲ့ရှင့် ၊ တွေ့တယ် ။ ဒါဆို ဆော့ဖ်ဝဲသွင်းတာအောင်မြင်သွားပြီပေါ့နော် ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဟုတ်ကဲ့ .. ၊ အဲဒါကအခြေခံအဆင့်တွေသွင်းလို့ပြီးသွားတာပဲရှိသေးတယ်ခင်ဗျ ၊
အဆင့်မြှင့်တင်ဖို့အတွက် အစ်မနှလုံးသားနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်ရဦးမှာပါ ။
သုံးစွဲသူ :
အို ... ဒုက္ခပဲ ၊ ကျွန်မမှားနေတယ်လို့ မက်ဆေခ်ျ့ပြနေတယ်ရှင့် ၊ ဘယ်လိုလုပ်ရမလဲ ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဘယ်လိုမက်ဆေခ်ျ့လဲဗျ ?
သုံးစွဲသူ :
“ ERROR 412 - ပရိုဂရမ်သည် အတွင်းပိုင်းတွင်အလုပ်လုပ်ခြင်းမရှိသေးပါ " ...တဲ့ ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
စိုးရိမ်စရာမရှိပါဘူးခင်ဗျာ ၊ ဒါပုံမှန်တွေ့နေကျအမှားမျိုးပါပဲ ။ ဒီသဘောတရားက အစ်မသွင်းလိုက်တဲ့
ဆောဖ့်ဝဲဟာ အပြင်ပိုင်းမှာသာ run နေပြီးတော့ နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာအတွက် registry မပြင်
ရသေးလို့ပြတဲ့အမှားပါ ။ နည်းပညာပိုင်းဆိုင်ရာစကားလုံးတွေနဲ့ရှင်းပြရင် ပိုရှုပ်ကုန်မယ် ။ အစ်မနားလည်အောင်
အလွယ်ပြောရရင်တော့ “ အချစ်ဆော့ဖ်ဝဲ ”ကိုသွင်းဖို့အတွက် ကိုယ်ကိုယ်တိုင်ရဲ့နှလုံးသားထဲမှာလည်းအရင်ဆုံး
“အချစ်” ရှိရမယ်ပေါ့ဗျာ "
သုံးစွဲသူ :
ဒါဆို ကျွန်မဘာလုပ်ရမလဲရှင့် ?
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
“ မိမိကိုယ်ကိုကျေနပ်နိုင်မှု ” ပရိုဂရမ်ရှိတဲ့နေရာကို သိတယ်မဟုတ်လားအစ်မ ?
သုံးစွဲသူ :
ဟုတ်ကဲ့ .. ကျွန်မသိပါတယ် ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ကောင်းတယ်ဗျာ .. ၊ အစ်မတောင် တော်တော်တိုးတက်လာပြီပဲ :)
သုံးစွဲသူ :
thank you ပါရှင် ... :)
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ဟုတ်ကဲ့ ... ဆက်ကြရအောင်ဗျာ ..။
အစ်မ .. နည်းနည်းအာရုံစိုက်ထားနော် .. ကျနော်အခုပြောမယ့်အဆင့်တွေက နည်းနည်းရှုပ်ထွေးပြီး
အရေးကြီးတယ် ။ “ မိမိကိုယ်ကိုခွင့်လွှတ်ခြင်းဖိုင်ရယ် ၊ လုံလောက်စွာနားလည်ခြင်းဖိုင်ရယ် ၊ အကန့်အသတ်များ
အားသိရှိခြင်ဖိုင်ရယ် ”ကို... နှလုံးသားတည်နေရာထဲအထိသွားပြီး Copy,Paste လုပ်ပေးလိုက်ပါ ။ အရင်တုန်း
က ရှိနေခဲ့တဲ့ ဖိုင်အပျက်အဟောင်းတွေနဲ့အစားထိုးမှာလားလို့မေးရင်လည်း Yes သာနှိပ်ပေးလိုက်ပါ ။ ပြီးတော့
အဲဒီတည်နေရာထဲကပဲ .... “ မိမိကိုယ်ကိုအလွန်အကျွံဝေဖန်ခြင်း ” ဆိုတဲ့ Folder ကိုလည်း Delete လုပ်ပစ်လိုက်ပါ ။
ပြီးတာနဲ့ ... RecyleBin ထဲကိုပါတစ်ခါတည်းသွားပြီး တစ်သက်လုံးပြန်ရှာမရအောင်ဖျက်ပစ်လိုက်ပေတော့အစ်မရေ..”
သုံးစွဲသူ :
ရပြီရှင့် ..... အခုကျွန်မနှလုံးသားထဲကို ဖိုင်အသစ်တွေဖြည့်နေပြီ ။
မော်နီတာပေါ်မှာလည်း ပြုံးပျော်ကြည်နူးခြင်းဗွီဒီယိုဖိုင်ကိုပြနေတယ် ။ ပြီးတော့ ငြိမ်သက်အေးမြခြင်းပရိုဂရမ်ရောပဲ..။
ကျေနပ်အားရခြင်းပရိုဂရမ်ကလည်း ကျွန်မနှလုံးသားတစ်ခုလုံးပြည့်တဲ့အထိ ဖိုင်တွေကိုကော်ပီကူးနေတယ် ။
ဒါအားလုံးပုံမှန်ပဲ မဟုတ်လားရှင် ?
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
တချို့လူတွေဆိုရင်တော့ အဲဒီအဆင့်ကနည်းနည်းကြာတတ်တယ် ။ ဒါပေမဲ့အခုပုံအတိုင်းဆိုရင်တော့
အားလုံးပုံမှန်ပါပဲ ။ ဆော့ဖ်ဝဲသွင်းပြီးလို့ .. နှလုံးသားထဲမှာတောင် အလုပ်လုပ်နေပြီပဲလေ ။ အခုအချိန်ကစပြီး
အစ်မစိတ်ကြိုက်အသုံးပြုလို့ရပါပြီ ။ ဒါပေမဲ့ ..............နောက်ဆုံး ...
ဖုန်းမချခင်ကျနော်တစ်ခုမှာခဲ့ချင်တာက .....................................................
သုံးစွဲသူ :
ဟုတ်ကဲ့ .. ပြောပါရှင့် ။
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
“ အချစ် ”ဆိုတာ အခမဲ့ဆောဖ့်ဝဲပါ ။ အစ်မတွေ့သမျှလူတွေကို ဒီအမျိုးမျိုးအထွေထွေသော အချစ်ရဲ့
လုပ်ဆောင်ချက်နဲ့အသုံးဝင်မှုကို တတ်နိုင်သလောက်လက်ဆင့်ကမ်းပေးပါခင်ဗျ ။ သူတို့ကနေ ..
နောက်ထပ်လူတွေကိုလည်း လက်ဆင့်ကမ်းပါလိမ့်မယ် ။ အဲဒီလိုတဖြည်းဖြည်းနဲ့များလာတဲ့အခါ...အစ်မဆီ
ကိုလည်း တူညီတဲ့တုန့်ပြန်မှုမျိုးနဲ့ အချစ် ကပြန်လည်ရောက်ရှိလာပါလိမ့်မယ် ။
သုံးစွဲသူ :
ရှင့်ရဲ့နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေအတွက် အထူးပဲကျေးဇူးတင်မိပါတယ် ။
တကယ်ပဲ အံ့သြဖို့ကောင်းလောက်အောင်လည်း ရှင်ကတော်ပါတယ် ။
ဒါနဲ့စကားမစပ်...နာမည်ဘယ်လိုခေါ်လဲ မသိဘူးနော် ?
နည်းပညာပိုင်းဆိုင်ရာတာဝန်ခံ :
ကျွန်တော့်ကို “ ကောင်းကင်ဘုံနှလုံးသားအထူးကုဆရာဝန် ” လို့ခေါ်နိုင်ပါတယ် ။ အကောင်းဆုံးသမားတော်
လို့လည်း လူသိများပါတယ် ။ နောက်ထပ်လူတွေပေးထားတဲ့နာမည်ကတော့ ... Cupid ပေါ့ ။
.............................................................................................
တစ်နှစ်တစ်ခါပုံမှန် နှလုံးကျန်းမာရေးအခြေအနေစစ်ဆေးခြင်းသာ အဓိကလုပ်စရာလို့ လူအများစုက
ထင်ထားကြတယ်ဗျ ။ ဒါပေမဲ့ ထုတ်လုပ်သူ(ကျနော့်)အလိုအရဆိုရင်တော့ ... အကောင်းဆုံးစွမ်းရည်ကိုပိုင်ဆိုင်
နိုင်ဖို့အတွက်နှလုံးသားကို တစ်နေ့တစ်ခါလောက် ပုံမှန်စစ်ဆေးသင့်တယ်လို့ အကြံပေးချင်တယ် ။
လိုရင်းကိုပြောရရင်တော့ဗျာ ..... အမြဲတန်းမေတ္တာစိတ်မွေးပါ ၊ ပြီးတော့ .... အဲဒီမေတ္တာစိတ်ဟာ နှလုံးသားအတွက်
အကောင်းဆုံးဆေးတစ်ခွက်ဆိုတာလည်း နားလည်ထားစေချင်တာပါပဲ .............................. ။
ကဲ .... ပျော်ရွှင်ပါစေခင်ဗျာ ။
.............................................................................
အမည်မသိစာရေးဆရာတစ်ဦးရဲ့ဝတ္ထုကို သူငယ်ချင်းတွေနဲ့လည်း Share လုပ်ချင်တာနဲ့ ဖတ်ကောင်းအာင်
ဘာသာပြန်ထားတာပါ ... အထူးသဖြင့် .. Valentine's day အတွက်ရည်ရွယ်ပါတယ် ... ။
ချစ်သူများလည်း ပျော်ရွှင်နိုင်ပါစေ ...
ချစ်သူမရှိသေးသောသူများလည်း အမှန်တကယ်ချစ်ခင်မြတ်နိုးသူများနဲ့ဆုံစည်းပြီး
ပျော်ရွှင်နိုင်ကြပါစေ...လို့ဆုတောင်းပါတယ် ။